Microfinance to Improve Work-Life Balance of the Poor and the Unemployed
Summary
Microfinance would be a savior for a developing country like Myanmar. It can help the poor and the unemployed earn income by starting their own micro- businesses. Due to high interest rate, some poor people committed suicide when they could not return the loans they took from illegal lenders. Legitimize microfinance institutions at the country level will be a solution. Microcredit will bring a change for livelihood especially among women and mothers who do not have as many opportunities as men in the job market. It will also give them work-life balance as they can employ themselves either at home or at the business place.
အသေးစား ချေးငွေလုပ်ငန်းတွေဟာ အောင်မြင်မှုတစ်ခုလား (သို့) ကျရှုံးမှုတစ်ခုလား။ လူတွေကို အကျိုးပြုတာလား (သို့) ဆိုးကျိုးပေးတာလား။ မြန်မာနိုင်ငံလို မဖွံ့ဖြိုးသေးတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ လူဆင်းရဲတွေအတွက်၊ အလုပ်အကိုင်အတွက် အရင်းအနှီးမရှိတဲ့သူတွေအတွက် နဲ့ အရေးပေါ်ပိုက်ဆံ လိုအပ်နေတဲ့သူတွေအတွက် တရားဝင် အသေးစား ချေးငွေလုပ်ငန်းတွေဟာ လိုအပ်ပါတယ်။ ဆင်းရဲပြီး အလုပ်အကိုင်မဲ့တဲ့သူတွေ နဲ့ ပညာတတ်ပါရက်နဲ့ အရင်းအနှီးမရှိဘဲ ကိုယ်ပိုင်အလုပ်မစနိုင်သူတွေအတွက် အလုပ်နဲ့ ဘဝနေထိုင်မျှတမှု ဆိုတာ ဘယ်မှာ ရှိပါမလဲ။ ထိုပြသနာတွေကို ဖြေရှင်းပေးဖို့ အသေးစား ချေးငွေလုပ်ငန်းဆိုတာ လိုအပ်လာပါတယ်။ ထိုအသေးစား ချေးငွေလုပ်ငန်းဆိုတာကလည်း ဆင်းရဲတဲ့ လူတွေနဲ့ စီးပွားရေးသမားတွေအကြားမှာ အလွန်ကို ရေပန်းစားနေတဲ့ အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။ အသေးစား ချေးငွေလုပ်ငန်းဆိုတာ ကောင်းစွာ အသုံးချတတ်မည်ဆိုလျှင် စီးပွားရေး နဲ့ လူမှု အသိုင်းအဝိုင်းအတွက် အင်မတန် အကျိုးပြုပါတယ်။

Source: www.grameen-info.org
“အသေးစား ချေးငွေလုပ်ငန်းဖြင့် အမျိုးသမီးများကို အခွင့်အာဏာပေးခြင်း” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Cheston နဲ့ Kuhn က အခုလိုမျိုး ဥပမာ ပေးထားပါတယ်။ အသေးစား ချေးငွေလုပ်ငန်းတစ်ခုက ဂါနာမှာ ရှိတဲ့ အမျိုးသမီးများကို အခွင့်အာဏာပေးပါတယ်။ စီနာပီ အဘာ ထရပ်စ်ထ် လို့ခေါ်တဲ့ ဘဏ်မဟုတ်တဲ့ ဘဏ္ဍာရေး အဖွဲ့အစည်း က ပထမဦးစွာ ဆွေးနွေးပွဲတွေကို ပြုလုပ်ပြီး အမျိုးသမီး ဖောက်သည်များကို သူတို့ရဲ့ အလုပ်အကိုင်အတွေ့အကြုံများကို မေးမြန်းခဲ့ပါတယ်။ ဂါနာမှာ ရှိတဲ့ အမျိုးသမီးတွေဟာ အနည်းဆုံးတော့ ကုန်ကြမ်းများဖြစ်တဲ့ ပီလောပီနံမှုန့်၊ ခရမ်းချဉ်သီး နဲ့ လိမ္မော်သီး စသဖြင့် အသေးစား ကုန်သွယ်မှုတွေ လုပ်ကိုင်ဖူးပြီးသားသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ စီးပွားရေး ဝန်ဆောင်မှုတွေကိုလည်း လုပ်ကိုင်ဖူးပြီးသားသူတွေ ဖြစ်ပါတယ်။ ထိုအမျိုးသမီး ဖောက်သည်များကို ပိုက်ဆံ ချေးပေးပြီးနောက် အရင်တုန်းက အခြေအနေနဲ့ အခုအခြေအနေ ကွာခြားပုံကိုလည်း မေးမြန်းခဲ့ကြတယ်။ စီနာပီ အဘာ ထရပ်စ်ထ်က ထိုအမျိုးသမီးတို့ ဘဝတွေမှာ စီးပွားရေးအရ၊ အိမ်တွင်းရေးအရ၊ တန်းတူညီမျှရှိမှု၊ လုပ်ဆောင်နိုင်မှုစွမ်းရည် စသဖြင့် ပြောင်းလဲမှုများကို သုံးသပ်လေ့လာခဲ့တယ်။ စီနာပီ အဘာ ထရပ်စ်ထ် အဖွဲ့အစည်းက နောက်ပိုင်းမှာတော့ Trust Bank Program ကိုတည်ထောင်ခဲ့ပြီး ပိုက်ဆံချေးသူ ဖောက်သည် ၂၂၇၆၅ ယောက် ရရှိကာ ၉၃ ရာခိုင်နှုန်းကတော့ အမျိုးသမီးများဖြစ်ကြပါတယ်။ အမျိုးသမီးတွေဟာ သူတို့ရဲ့ ပထမဦးဆုံး ချေးငွေ မရခင်မှာပင် ၄င်း ချေးငွေလုပ်ငန်းကို ဆွေးနွေးပွဲတွေအတွက် ဆက်သွယ်လာကြပါတယ်။ ဒီရဲ့ ချေးငွေ လုပ်ငန်းဟာ အမျိုးသမီးတွေကို အလုပ်လက်မဲ့ဘဝကနေ အလုပ်အကိုင်ရှိစေရန် အထောက်အကူပြုပါတယ်။

တခြား စာရေးသူ Saroj Pathirana ကလည်း သူ့ရဲ့ ဆောင်းပါးမှာ ဖော်ပြထားတာကတော့ အသေးစား ချေးငွေ လုပ်ငန်းဟာ ဆင်းရဲတဲ့ လူတွေကို ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိအောင် ထောက်ပံ့ကူညီပေးပါတယ်။ ဆူမီထရာဆိုတဲ့ အမျိုးသမီးဟာ အာဟ်မက်ဘက် အိန္ဒိယနိုင်ငံမှာ နေထိုင်ပြီး အမှိုက်ပုံထဲမှာ ပစ်ထားတဲ့ အဖုံးခွံတွေကို စုဆောင်းကာ ပြန်လည်ပြုပြင်ပြီး စက်ရုံတွေမှာ ပြန်ရောင်းပါတယ်။ ဒါပေမဲ့ တစ်နေ့လုံး သူမ ရှာဖွေမှ ၂ ဒေါ်လာလောက်နဲ့ တန်ဖိုးညီတဲ့ ၁၀၀ ရူပီးလောက်ဘဲ ရရှိပါတယ်။ နောက်ပိုင်းတော့ ၂၀၀၆ ခုနှစ်မှာ ဆူမီထရာဟာ အသေးစား ချေးငွေလုပ်ငန်းကို ရှာဖွေ တွေ့ရှိသွားပြီး အနည်းငယ်သော ချေးငွေ ရရှိကာ သူမကိုယ်ပိုင် အသေးစား စီးပွားရေးလေး တစ်ခု လုပ်ကိုင်ခဲ့ပါတယ်။ သူမက အမျိုးသမီး ငါးယောက်ကို အလုပ်ခေါ်ပြီး ၄ နှစ်လောက်ကြာတဲ့အခါမှာ တစ်နေ့ကို အဖုံးခွံပေါင်း ၅၀ ကီလိုဂရမ် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အသေးစား ချေးငွေကို ဗီကာစ် အသေးစား ချေးငွေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု စင်တာမှ ရရှိတာဖြစ်ပြီး ဆူမီထရာရဲ့ ဘဝပြောင်းလဲကာ ငွေကြေးအရ ခိုင်မာ လုံခြုံခဲ့ရတယ်။ အမျိုးသမီးများ၏ ဆင်းရဲမွဲတေမှုကို လျှော့ချရန် Friends of Women’s World Banking, India (FWWB) နှင့် Women’s World Banking (WWB) တို့ကလည်း ဗီကာစ် နဲ့ ပူးပေါင်းခဲ့ကြတယ်။ ဆူမီထရာက သူမရဲ့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလေး ပိုင်ဆိုင်လိုက်ရတဲ့အတွက် ထိုအသေးစား ချေးငွေလုပ်ငန်းကို ကျေးဇူးတင်ပြီး သူမရဲ့ ဘဝကလည်း လုံးဝကို ပြောင်းလဲသွားတယ်လို့ ပြောပါတယ်။ နောက်ပြီး သူမသာ ဒီလုပ်ငန်းလေး မရှိရင် သူမရဲ့ အမျိုးသား နေမကောင်းဖြစ်တဲ့အခါ ဆေးရုံလည်း ပို့နိုင်မှာမဟုတ်ဘူး၊ သူမရဲ့ သားကိုလည်း ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းသေး တစ်ခု တည်ထောင်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ အခုတော့ သူမရဲ့ သမီးဟာ ဘဏ္ဍာရေး (သို့) ငွေရေးကြေးရေး မေဂျာကို ယူထားတဲ့ ပထမနှစ် တက္ကသိုလ် ကျောင်းသူလေး ဖြစ်နေပါပြီလို့လည်း သူမက ပြောပါတယ်။

အသေးစား ချေးငွေလုပ်ငန်းတွေမှာ အတိုးနှုန်း မြင့်မားမှု၊ ငွေချေးသူ အတုအပ နှင့် ဆင်းရဲတဲ့ ပိုက်ဆံချေးသူများ ချေးငွေ ပြန်မဆပ်နိုင်သဖြင့် မိမိကိုယ်မိမိ အဆုံးစီရင်မှု စသဖြင့် ပြသနာတွေလည်း ရှိပါတယ်။ သို့သော် ဤပြသနာများကို ဖြေရှင်းနိုင်ရန်အတွက် အစိုးရအဖွဲ့အစည်းများက တရားဝင် အတိုးနှုန်း သတ်မှတ်ပြီး နိုင်ငံအဝန်း အသေးစား ချေးငွေလုပ်ငန်းများကို မှတ်ပုံတင် တရားဝင်ခွင့်ပြုပါက ဆင်းရဲသော လူတန်းစားများအတွက်လည်း အဆင်ပြေကာ အလုပ်လက်မဲ့များကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးကာစ နိုင်ငံတွင် အလုပ်လက်မဲ့များမရှိစေရန် နှင့် ၄င်းတို့အတွက် အလုပ်နှင့် ဘဝ နေထိုင်မှု ပျော်ရွှင်မျှတစေရန် တရားဝင် အသေးစား ချေးငွေလုပ်ငန်းများ လိုအပ်ပါသည်။
References
Cheston, Susy, and Lisa Kuhn. “Empowering women through microfinance.” Draft, Opportunity
International (2002).
Pathirana, Saroj. “Saving Holds Key to Women’s Empowerment.” BBC News. BBC, 25 Feb.
2010. Web. 30 Jun. 2016.
By: Mya Yun Hlwar
