အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတသော ဘဝ ပျော်ရွှင်မှု ကို ပေးနိုင်သော ပန်းရောင်းခြင်း လုပ်ငန်း
Summary
It is increasingly common for Burmese people to earn livelihood by operating shops at home or in the markets instead of working under the sun in agriculture or other manual labor work. Working under the sun for the whole day does not give enough daily income but one can make more money by operating shops at home or in markets. Selling flowers in markets is a good option to provide daily income in Myanmar even though it does not provide high income like in some other jobs. Such micro-businesses are excellent in allowing operators to spend quality time with family while one earns income.

Caption: Operating a flower shop in Myanmar
ယခုခေတ် အခါမှာ မြန်မာ လူမျိုးများဟာ အလုပ်အကိုင်များဖြင့် စီးပွား ရှာတဲ့နေရာမှာ ပင်ပင်ပန်းပန်းဖြင့် နေပူစပ်ခါးတွင် အလုပ်လုပ်၍ ပိုက်ဆံရှာရသော လုပ်ငန်းများကို လုပ်ကိုင်ခြင်းထက် အရိပ်ထဲတွင် သက်တောင့် သက်သာဖြင့် ဝင်ငွေ အလွယ်တကူ ရရှိနိုင်သော လုပ်ငန်းများကိုသာ ပိုမို အလေးပေး လုပ်ကိုင်လာကြတာကို တွေ့ရပါတယ်။ များသောအားဖြင့် မြန်မာလူမျိုး အများစုဟာ တနေကုန်တနေခန်း အလုပ်ကို အဆက်မပြတ် လုပ်စရာမလိုသော ဈေးရောင်းခြင်းလုပ်ငန်းများကို ဦးစားပေး လုပ်ကိုင်လာတာကို တွေ့မြင်နေရပါတယ်။ ဈေးရောင်းခြင်းဟာ တနေကုန်အောင် ပင်ပင်ပန်းပန်း လုပ်စရာ မလိုဘဲ မနက်ပိုင်းတွင်သာ ဝီရိယ စိုက်ထုတ်၍ ဈေးရောင်းကာ နေ့လည်ပိုင်းတွင် မိမိအိမ်ပြန်၍ အိမ်တွင် မိမိရဲ့ မိသားစုနှင့် ပျော်ရွှင်စွာ နေထိုင်ခြင်းဖြင့် အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတမှု ကို ပေးနိုင်ပါတယ်။
ပန်းရောင်းခြင်း လုပ်ငန်းဟာ အသေးစား စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သော်လည်း အလုပ်နှင့် မိသားစုကြား သင့်တင့်မျှတသော ဘဝ ပျော်ရွှင်မှုများကို ပေးစွမ်းနိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း မနက်စောစောတွင် ဈေးသို့ လာ၍ ပန်းဆိုင်ခင်းရသောကြောင့် အခြားအလုပ်များကဲ့သို့ နေပူထဲတွင် လုပ်စရာမလိုဘဲ နေရိပ်ထဲတွင် သက်သာစွာ စီးပွားရှာနိုင်ပါတယ်။ များသောအားဖြင့် မနက်ပိုင်းတွင်သာ ဈေးခင်းရသောကြောင့် ဈေးဝယ်သူ ကြဲသည့် နေ့လည်ပိုင်း အလုပ်နားချိန်တွင် မိမိ မိသားစုအတွက် အချိန်ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ထို့အပြင် ပန်းရောင်းခြင်းဖြင့် မိမိ မိသားစုအတွက် တနေ့ကုန်ကျစရိတ်များကို အနည်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
ပန်းရောင်းခြင်းဖြင့် အခြားသော အကျိုးကျေးဇူးများကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ပန်းရောင်းခြင်းလုပ်ငန်းသည် တခြားသော လုပ်ငန်းများကဲ့သို့ မဟုတ်ဘဲ ရည်ရွယ်ချက်မှာ ဘုရားသို့ လှပမွှေးကြိုင်သော ပန်းများ လှူဒါန်းရန်ဖြစ်သောကြောင့် တနည်းအားဖြင့် ကုသိုလ်ပေးနိုင်သော အလုပ်ဖြစ်ပါတယ်။ ၎င်းအပြင် နေ့စဉ်နေ့တိုင်း လူအများနှင့် စကားပြောဆိုနေရသောကြောင့် လူမှု ဆက်ဆံရေး နယ်ပယ်တွင် အသိမိတ်ဆွေများ ပိုမို များပြားလာနိုင်ပါတယ်။ ပန်းရောင်းခြင်းဖြင့်လည်း အခြားသော စိတ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက်မှု အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နိုင်ပါတယ်။ ၎င်းတို့မှာ နေ့စဉ်နှင့်အမျှ ပန်းဆိုင်တွင် ထိုင်၍ အလုပ်လုပ်နေရသဖြင့် ကျန်းမာရေးအရ လိုအပ်သော လှုပ်ရှားမှု မရှိခြင်း၊ ပန်းရောင်းခြင်းဖြင့် ပုံမှန် ဝင်ငွေ ဝင်နိုင်သော်လည်း ဝင်ငွေ အတက်အကျ ရှိနိုင်ခြင်းနှင့် မိမိ မျှော်မှန်းထားသည့် နေ့စဉ်ဝင်ငွေ မရရှိသော အခါ စိတ်ပူပန်မှု များနှင့် ကြုံတွေ့ရခြင်း စသည့် အခက်အခဲများကို ဖြစ်စေပါတယ်။
လူတိုင်းဟာ အလုပ်နှင့် မိသားစု အတွက် သင့်တင့် မျှတမှုကို ပေးနိုင်သော အလုပ်ဟူသမျှကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းလုပ်ဆောင်သင့်ပါတယ်။ ဥပမာအားဖြင့် ပန်းရောင်းခြင်းလုပ်ငန်းဟာ အခြားအလုပ်များကဲ့သို့ ဝင်ငွေ များများစားစား မပေးနိုင်သော်လည်း သင့်တင့်သော တစ်နေ့တာ ဝင်ငွေကို ထိုက်သင့်သလောက် ပေးစွမ်းနိုင်သလို တစ်ဖက်မှာလည်း မိသားစုနဲ့ ခွဲ၍ နေစရာမလိုပဲ မိသားစုအတွက် အချိန်ကို နေ့စဉ်နှင့်အမျှ ပေးစွမ်းနိုင်ပါတယ်။ ထို့ကြောင့် အလုပ်နှင့် မိသားစုအတွက် အချိန်အသုံးချခြင်း မျှတမှု ကိုပေးနိုင်သော လုပ်ငန်းများကို နောင်အနာဂတ် မျိုးဆက်သစ်များအတွက် ဆက်လက် လုပ်ဆောင်သင့်ကြောင်း အကြံပြုလိုက်ရပါတယ်။
By: Su Su Aung
